Sunday, January 6, 2013

ယမ်းနံ့ သင့်သွားသောမြေဇာပင်များ


ဒါဟာအရုဏ်ဦးရဲ့ဖျားနာခြင်းဖြစ်တယ်

မတူညီမှုတွေအတွက် ဒီလိုပဲကလေးဆန်နေရသလား

ခင်ဗျားတို့ ရဲ့အတ္တဆန်မှုတွေကို

ယုံကြည်မှုလို့ ခေါင်းစဉ်မတတ်ပါနဲ့ 

စိတ်လိုက်မာန်ပါကျွဲနှစ်ကောင်ကြား မှာ

မြေဇာပင်တွေလဲခဏခဏ သေတယ်

ဘာတဲ့.....´ စစ်` ဟုတ်လား……

မစစ်တော့ဘူး ခင်ဗျာဟာအခုမစစ်တော့ဘူး

မေခ မလိခ ဟာ ခင်ဗျာ ကြောင့်ငိုနေရတယ်

ဧရာဝတီဆိုတဲ့မိန်းမပျိုဟာ ခင်ဗျားရဲ့ရက်စက်မှုကြောင့်

အလှပျက်ခဲ့ရဘူးတယ်……

ခင်ဗျားတို့ ကျင်းပတဲ့ပွဲတော်ဟာ

လူသေကောင်တွေတိုးလာတာပဲအဖတ်တင်တယ်

မိသားစုတွေပြိုကွဲတာပဲအဖတ်တင်တယ်

ကလေးတွေလမ်းဘေးရောက်တာပဲအဖတ်တင်တယ်

ငါတို့ ရွာဟာ ယမ်းနံ့ တွေနဲ့ သင်းပျံ့လို့ 

ဘယ်လိုနတ်ဆိုးတွေက ဖန်ဆင်းကြတာလဲကွယ်

အောက်စီဂျင်တွေအစား ယမ်းနံ့ တွေကိုရူရှိုက်ရင်း

အားလုံးရဲ့စိတ်ထဲမှာ ဒဏ်ရာတွေဗလပွနဲ့ 

ကျုပ်တို့ ရဲ့ဆုံးရှုံမှုတွေအတွက်

ဘယ်သူ့ ကိုတိုင်ကြားလို့ ရပါသလဲ

အစရှာလို့ မရတဲ့ အမှုတွဲတွေကြားမှာ

ငါကိုယ်တိုင်လဲ တရားစီရင်ခွင့်မရရှာဘူး

သေတယ် ....မင်းတို့ က တောင်တွေကြားမှာသေတယ်

ငါက ကမ္ဘာတဖက်ခြမ်းကနေသေတယ်

ရပ်တော်မှုကြပါ ..... ရပ်တော်မှုကြပါ

ရင်ဘက်တွေ ကွဲအောင်အော်တယ်

အသံတွေကွဲအောင်အော်တယ်

အားလုံးရဲ့ဆုတောင်သံတွေ

မနက်ဖြန် အရုဏ်ဦးရဲ့ သေနက်သံကြားမှာ

ကွယ်ပျောက်မသွားပါစေနဲ့ ……….။

၂၁-၀၉-၂၀၁၂ ( သောကြာနေ့ )
 
ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲအားရည်ရွယ်ပါသည်
 
အလင်းတန်းပိုင်ရှင်  (တန့် ဆည်)

No comments:

Post a Comment